Sunday, February 3, 2013

သာယာဝတီ အကျဉ်းထောင် နှိပ်စက်မှု ပြန်လည် ဖော်ထုတ်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

သာယာဝတီ အကျဉ်းထောင် ၏ Anti Labour ခေါ် အလုပ် ဆန့်ကျင်ရေး တိုက်ပွဲဝင် ၉၅ဦး ၏ အနှစ်၂၀ကျော် ဖြတ်သန်း ခဲ့ရသည့် အကျဉ်း ထောင်တွင်း နှိပ်စက် ခံရမှု များကို ပြန်လည် ဖော်ထုတ် မည် ဖြစ်ကြောင်း အဆိုပါ နိုင်ငံရေး အကျဉ်းသားဟောင်း ၉၅ဦး အဖွဲ့က ပြောကြားသည်။

၁၉၈၈ ခုနှစ် တပ်မတော် အာဏာသိမ်း ကတည်းက အကျဉ်းထောင် အသီးသီးတွင် အကြောင်း အမျိုးမျိုးဖြင့် မတရား ဖမ်းဆီး ခံခဲ့ကြ ရသော နိုင်ငံရေး အကျဉ်းသား များမှ နည်းမျိုး စုံဖြင့် ညှဉ်းပန်း နှိပ်စက်မှု ဒဏ်ကို အပြင်း အထန် ခံခဲ့ရကြောင်း ၄င်းတို့ အဖွဲ့က ပြောဆိုသည်။ ရန်ကုန် မြို့တော်၊ တော်ဝင် နှင်းဆီ စားသောက်ဆိုင် တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က ကျင်းပသည့် ၁၉၈၉ခုနှစ် သာယာဝတီ အကျဉ်းထောင် Anti Labour တိုက်ပွဲဖြစ်စဉ် အခမ်း အနားတွင် အနှိပ်စက် ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသား ၉၅ဦး အဖွဲ့ ထံက သိရသည်။

သာယာဝတီ အကျဉ်းထောင် တွင် ၁၉၈၈ ခုနှစ် ၌ နိုင်ငံရေး အကျဉ်းသား များအား တရား ဥပဒေ မဲ့မှုပေါင်း များစွာ ကို ပြုလုပ် ခဲ့ကြောင်း၊ မိမိ၏ အစ်ကို မှာလည်း အကျဉ်းထောင်မှ လွတ်မြောက် လာစဉ် ယင်းဒဏ်ရာ များကြောင့် သေဆုံး ခဲ့ကြောင်း သာယာဝတီ အကျဉ်းထောင် တိုက်ပွဲဝင် တစ်ဦး ဖြစ်သူ ဦးဇော်ထွန်း၏ ညီမက ပြောဆိုသည်။

နိုင်ငံရေး အကျဉ်းသား ၉၅ ဦး၏ မတရားမှု များကို ပြန်လည် ဖော်ထုတ်သည့် ယနေ့ အချိန်တွင် တရား မျှတမှု အတွက် နစ်နာ ခဲ့သည် များကို အသိ အမှတ် ပြုရမည် ဖြစ်ပြီး အကျဉ်းထောင် များတွင် နိုင်ငံရေး အကျဉ်းသား ၁၅၀ ဦးကျော် သေဆုံး ခဲ့ကြောင်း နိုင်ငံရေး အကျဉ်း သားဟောင်း ဦးဌေးကြွယ်က ပြောဆိုသည်။
“သာယာဝတီ မှာ ငရဲပွက် သွားတဲ့ ထောင်တွင်း တိုက်ပွဲ တစ်ခု ကြုံခဲ့ ဖူးတယ်။ ရေ ၄ရက် မတိုက်ပဲ ထားလို့ သေတာ မျိုးတွေ ရှိတယ်’’ ဟု ၄င်းက ပြောဆိုသည်။

ယင်းကဲ့သို့ အတိတ်က ဖြစ်ရပ် များကို မျိုးဆက်သစ် လူငယ်များကို အသိ ပေးဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ဦးပြုံးချိုက ပြောကြား သည်။

၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် တွင် ရန်ကုန် အင်းစိန် အကျဉ်းထောင် ရှိ နိုင်ငံရေး အကျဉ်းသား ၂၀၀ကျော် ကို သာယာဝတီ အကျဉ်းထောင် သို့ ပြောင်းရွှေ့ ခဲ့ပြီး တပ်မတော် အစိုးရ လက်ထက် ပထမ ဆုံးသော နိုင်ငံရေး အကျဉ်းသား ထောင်ပြောင်း ရွှေ့မှု ဖြစ်ကာ ပုံစံ ဆံပင်ညှပ်၊ ခြေကျင်း ခတ်၍ ရာဇဝတ် အကျဉ်းသားများ သဖွယ် အပြောင်း အရွှေ့ ခံရခြင်း ဖြစ်ကြောင်း အဆိုပါ ၉၅ဦး အဖွဲ့က ပြောဆိုသည်။

No comments:

Post a Comment