Sunday, February 3, 2013

အစိုရ နှင့် ကေအိုင်အိုတို့ နိုင်ငံရေး ဆွေးနွေးနိုင်ရန် အတွက် ရွှေလီတွင် တွေ့ဆုံမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ငြိမ်းချမ်းရေး အတွက် ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်သော်လည်း သဘောတူညီမှု မရသေးသည့် အစိုးရ နှင့် ကေအိုင်အို တို့ နိုင်ငံရေး တွေ့ဆုံ ဆွေးနိုင်ရန် အတွက် ဖေဖော်ဝါရီ ၄ ရက်နေ့၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ထံမှ သိရသည်။

ယင်းဆွေးနွေးမှု တွင် ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဝင်များနှင့် ကေအိုင်အို ခေါင်ဆောင်များ အပါအဝင် ကေအိုင်အေမှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့ ပါဝင်မည် ဖြစ်ကြောင်း ၄င်းတို့က ပြောဆိုသည်။

ယင်းဆွေးနွေးပွဲနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက် ထုတ်ပြန်ခြင်း မရှိသော်လည်း ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဝင် များသည် လာရှိုးမြို့မှ မူဆယ်မြို့သို့ ယနေ့ နေ့လည် ၁၂ နာရီခွဲ ခန့်တွင် ထွက်ခွာလာပြီ ဖြစ်ကြောင်း မူဆယ် အခြေစိုက် လူမှုရေး အဖွဲ့အစည်း များထံမှ သိရသည်။

တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့တွင် နေထိုင်သူ ဗမာပြည် ကွန်မြူနစ် ပါတီဝင်ဟောင်း ဦးအောင်ကျော်ဇော ကလည်း “တွေ့ဆုံ ဆွေးနွေးပြီး ရှေ့တန်းမှာ တိုက်ပွဲတွေ ရပ်မယ် ဆိုရင်တော့ အကောင်းဆုံးပေါ့” ဟု မှတ်ချက် ပေးသည်။

ကချင် ပြည်နယ်ရှိ လက်နက်ကိုင် ပဋိပက္ခ များနှင့် ပတ်သက်၍ ကာကွယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၁ ရက်နေ့တွင် တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေး လိုလားသော အကြောင်းအရာ ပါဝင်သည့် ကြေညာချက် ကို ထုတ်ပြန် ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကေအိုင်အို ကလည်း တပ်မတော်မှ ထိုးစစ်ဆင်မှု ရပ်တန့်ပါက စစ်ရေး လှုပ်ရှားမှု ရပ်ဆိုင်းမည့် အပြင် တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်ကို လည်း လုပ်ဆောင်မည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment