Wednesday, January 30, 2013

အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ မရုပ်သိမ်းဖို့ နည်းပညာ ဒုဝန်ကြီးအဆိုတင်


အရင်စစ်အစိုးရ လက်ထက်က နိုင်ငံရေးသမားတွေနဲ့ အိုင်တီပညာရှင်တွေကို ဖမ်းဆီးရာ မှာ ပြစ်ဒဏ်ပေးလေ့ရှိတဲ့ ၂၀၀၄ ခုနှစ် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ရုပ်သိမ်းပေး ဖို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က မနေ့က လွှတ်တော်အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ရာမှာ ဒီကနေ့မှာတော့ အဲဒီဥပဒေကို မရုပ်သိမ်းသင့်သေးဘူး လို့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဆိုတင် သွင်းခဲ့ပါတယ်။

ဆက်သွယ်ရေးနဲ့ နည်းပညာ ဒုတိယဝန်ကြီး ဦးသောင်းတင်က အီလက်ထရောနစ်လုပ်ငန်းဆိုင်ရာ ဥပဒေ Electric Commerce ဥပဒေအသစ် ထွက်ရှိပြီးမှသာ အရင်ပြဌာန်းထားတဲ့ ဥပဒေကို ရုပ်သိမ်း သင့်ကြောင်း ပြောခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိဥပဒေမှာပါတဲ့ အခန်း ၁၂၊ ပြစ်မှုနဲ့ ပြစ်ဒဏ်များကို ပြင်ဆင်သွားမယ်လို့ ဒုဝန်ကြီးက ပြောတဲ့အတွက် မိမိအနေနဲ့ ကြိုဆိုကြောင်း အီလက်ထရောနစ် ဥပဒေကို ရုပ်သိမ်းပေးဖို့ အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။

လက်ရှိတည်ဆဲဖြစ်တဲ့ အီလက်ထရောနစ် ဥပဒေကို ၂၀၀၄ ခုနှစ် ၊ ဧပြီလ ၃၀ ရက်နေ့က ဥပဒေအမှတ် ၅/၂၀၀၄ အဖြစ် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီဥပဒေနဲ့ နိုင်ငံရေးသမားတွေနဲ့ အတိုက်အခံလှုပ်ရှားသူတွေကို စစ်အစိုးရလက်ထက် ဖမ်းဆီးအရေး ယူပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

No comments:

Post a Comment